မဖြစ်လည်း ဖြစ်တယ်
အိပ်ရာက ထမယ်ပြင်လိုက်ပြီးမှ .. . . . . .
တံခါးပေါက်လည်း ထမဖွင့်တော့ဘူး၊ ကားဂိတ်လည်းမပြေးတော့ဘူး
ကိုယ်ရေးအကျဉ်း စာရွက်စာတမ်းကိစ္စ ဘာမှမဖြည့်စွက်တော့ ခရီးလည်းမသွားဖြစ်တော့ဘူး။
ဘယ်သူဘယ်ဝါတွေနဲ့ မတွေ့ရ၊ ဘဝမှာတစ်ကြိမ်တစ်ခါပဲဆိုတဲ့ ဟိုဟာဒီဟာတွေနဲ့လည်း
မကြုံရတော့ဘူး၊ အဲဒီလို ဖြစ်သွားတယ်။ ဖြစ်ပါတယ်။ မနေ့ကအတိုင်းပေါ့
ဖြစ်မယ်ထင်ပါတယ်။ အိပ်ယာက ထရင် ဟိုဆိုင်ထိုင်ရနိုးနိုး
ဒီဆိုင်ထိုင်ရ နိုး နိုး ဟိုစာအုပ်ဖတ်ရ နိုး နိုး
ဟိုမီဒီယာ ဟိုလူတွေ ဟိုဒင်းဟိုဟာ နိုးနိုးပဲ
လောလောဆယ် ဒီလောလောဆယ်ကို မဖာထေးမပြုပြင်လို့
ဘာဖြစ်ရမှာလဲဗျာ။ နေ့တဓူဝ ဘဝပေးကံကြမ္မာလေးနဲ့ ဖြစ်နေရုံလူငယ်လေးပေါ့
သူရို့အမြင်မှာ အဖြစ်မရှိ ဖြစ်နေတာကလွဲရင်ပေါ့လေ၊ ညဘက် သူမဆီသွားမယ်။
ဖြစ်ကြောင်းကုန်စင်ကို ရင်ဖွင့်မယ်၊ အင်း ဒီညတော့ မသွားတော့ပါဘူး။ ဖြစ်နေတာလေ။
တစ်ယောက်တည်း ဖြစ်ရဲ့လားတဲ့၊ တစ်ယောက်တည်းဖြစ်နေတာတွေပေါ့ဗျာ
တစ်ယောက်တည်းပဲ ဖြစ်မှာပါ သူ့ကြည့်ရတာ
ဘာမှမဖြစ်သလိုပဲ၊ အနှစ်နှစ်အလလဝယ်ယူသိမ်းဆည်းထားတဲ့ ကက်ဆက်ခွေ
စီဒီ ဗီစီဒီ စာအုပ် တစ်ခုခု ပျောက်ပျက်တာမျိုးနဲ့ကြုံရင်တောင်လေ
ဘာဖြစ်ရမှာလဲဗျာ ပြက္ခဒိန်နဲ့နာရီ အဲဒါတွေလည်း သူ့အခန်းမှာမရှိတာ
ဘယ်နှနာရီ ဘယ်နှရာသီ ရှိသွားပြီလဲ။ နေမဝင်ခင် တစ်ခုခုတော့ ထူးခြားမှဖြစ်မယ်
ဖြစ်မယ်နဲ့ ညဥ့်ဆယ့်နှစ်နာရီ
အိပ်ယာထဲ တုံးလုံးပက်လက်ဖြစ်သွားတဲ့အထိပဲ၊
ငယ်ငယ်တုန်းကတော့ လူရည်ချွန်ဖြစ်တယ်။ ဥစ္စာပေါရုပ်ချောခေတ်ပညာတတ်ဖြစ်တယ်
အခုတော့ ကဗျာဆရာပေါ့။ ဘာလုပ်ရမှာလဲ ဘာမှဖြစ်မလာဘူးမဟုတ်လား ကဗျာဆရာ
ဖြစ်ဖို့က ဘာလုပ်ရမှာလဲ ဘယ်ကလာ အယ်လ်ပီဟုတ်ရမှာလဲ
ဝေးသေး။ မဖြစ်ဘူး။ ဒီလိုပဲ တစ်ခုခုတော့ ရေးရမှာပဲ။ ရေးဖြစ်မှပဲ
လို့ဖြစ်ပြီးမှ မရေးလို့ကော ဘာဖြစ်မှာတဲ့တုန်း မဖြစ်လို့မဖြစ်ဘူးဆိုတာရော
ဘဝမှာ တကယ်တမ်းကျတော့ မရှိသလိုလို၊ အဲဒီလို အဲဒီအထိ ဖြစ်သွားပြန်ရော
ရေးလိုက် ဖျက်လိုက်နဲ့ ဖြစ်ဖြစ်/ဖျက်ဖျက် နေတယ် မဖြစ်ဘူး
မဖြစ်ဘူး ဒီကောင်လေးကို အမြန်ဆုံး သူ့အမေဆီ ပြန်ပို့မှ/
အမြန်ဆုံး အိမ်ထောင်ချပေးမှ/ ဒီအတိုင်းထားလို့တော့ မဖြစ်တော့ဘူး
ကဗျာလေးအတည်တကျ ရှိစေချင်ပြီ။ ဖြစ်ရဲ့လား ဟေ့လူ
မဖြစ်ဘူး ထင်တယ်။ မဖြစ်ဘူး မဖြစ်ဘူး။ အိပ်ယာထဲ
ပြန်လှဲနေလိုက်ပါလား။ ။
မောင်ယုပိုင်
Idea ၂၀ဝ၇၊ အောက်တိုဘာ


2 ယောက် မှတ်ချက်ပြုခဲ့သည်:
မဖြစ်လဲဖြစ်အောင်လုပ်ရမှာပေါ့.........
ဘ၀ကဒီင်္လိုပဲလေနော်......
ကဗျာလေး ခံစားသွားပါတယ် ဆရာ.. :)
ခင်မင်လျက်
Junemoe
Post a Comment